Simplifying Choices in UX Design

Simplifying Choices in UX Design

UX Theories (Episode - 01)


အားလုံးပဲ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ

ဒီအပါတ်မှာတော့ User-Centered Design အကြောင်းမပြောဘဲ UX Theory တွေအကြောင်း Topic လေးပြောင်းလဲပြီးတော့ မျှဝေပေးချင်ပါတယ်၊ ကျွန်တော်က စာသင်ရင်ပြောနေကျတော့ရှိတယ် Theory တွေ၊ Law တွေဆိုတာ ကျက်ထားဖို့မဟုတ်ပါဘူး၊ သူတို့ရဲ့ သဘောတရားကိုမှတ်ထားရုံနဲ့လည်းမရပါဘူး၊ တကယ်အသုံးချမှသာ အသုံးဝင်တာဖြစ်ပါတယ်ဆိုပြီးတော့ပါ

တချို့ကျတော့ Law နာမည်တွေတော့သိတယ် ဒါပေမဲ့ ဘယ်လိုအသုံးချရမယ်၊ ဘာကိုဆိုလိုတယ်ဆိုတဲ့ သဘောတရားကိုနားမလည်တဲ့ စာကျမ်းပိုးလေးတွေအများကြီးရှိပါတယ်၊ ဒါကြောင့် ဒီ Series လေးမှာတော့ ကျွန်တော်က ဘယ်လို အသုံးချရမယ်ဆိုတာကို တစ်နိုင်တစ်ပိုင်လေး မျှဝေပေးသွားချင်ပါတယ်

ကဲ ဆိုတော့

ခေါင်းစဉ်မှာပြောထားတဲ့ Simplifying Choices ဆိုတာက Hick's Law လို့ခေါ်တဲ့ William Edmund Hick ဆိုဆိုတဲ့ Psychologist တစ်ယောက် ရှာတွေ့ခဲ့တဲ့ ရိုးရှင်းလွန်းတဲ့ သဘောတရားတစ်ခုလို့ဆိုရပါမယ်၊ သူက လူတွေကို ရွေးချယ်စရာများများပေးတဲ့အခါ ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်ကြာလဲဆိုတာကိုသိချင်ခဲ့တာပါ၊ ဒါပေမဲ့ ရိုးရှင်းလွန်းတဲ့အဖြေကတော့ လူတွေက ရွေးချယ်စရာများလေ ဆုံးဖြတ်ရခက်လေ၊ အချိန်ပိုကြာလေဆိုတာပါပဲ၊ ဒါကို နောက်ပိုင်းမှာ Ray Hyman ဆိုတဲ့လူက Modern ခေတ်နဲ့ကိုက်ညီအောင် လူတွေကို ရွေးချယ်မှုနည်းနည်းနဲ့ ဆုံးဖြတ်ချက်တွေမြန်ဆန်အောင်လုပ်ဖို့လိုပါတယ်ဆိုပြီး Hick's Law အမည်နာမနဲ့ ပြန်လည် အဆိုပြုခဲ့တာဖြစ်ပါတယ်

ဒါကတော့ သမိုင်းကြောင်းကိုသိအောင်ပြောပြတာပါ၊ ဆိုတော့ UX Design မှာ ဘယ်လိုပါဝင်ပတ်သတ်နေလဲပေါ့

ကျွန်တော်တို့ နေ့စဥ်သုံးနေတဲ့ Digital Products တွေမှာ ကျွန်တော်တို့က ဆုံးဖြတ်ချက် (Decisions) တွေချရပါတယ်၊ ဆုံးဖြတ်ချက်တွေချဖို့အတွက် ရွေးချယ်စရာတွေရှိရပါတယ်၊ ဒီလို ရွေးချယ်မှုတွေလုပ်ပြီး ဆုံးဖြတ်ချက်ချတာကို (Interaction) လို့ခေါ်ပါတယ်၊ Interact လုပ်ပြီးသွားရင် ကျွန်တော်တို့လိုချင်တဲ့ ဒါမှမဟုတ် လုပ်ရမယ့် Goal ကိုပြီးမြောက်မှာဖြစ်ပါတယ်၊

ဥပမာ - ကျွန်တော်က App တစ်ခုမှာ Account ဖွင့်တယ်ဆိုပါစို့၊ ကျွန်တော့်ရဲ့အချက်အလက်တွေကိုမေးထားတဲ့ ရွေးချယ်မှုတွေကို ကျွန်တော်ရွေးရပါတယ်၊ ဒီနေရာမှာ ရွေးချယ်စရာတွေ၊ ဖြေရမယ့်မေးခွန်းတွေက အရမ်းများနေရင် ကျွန်တော့်အတွက် စိတ်ရှုပ်ရပါတယ်၊ ကျွန်တော်က One Click နဲ့ Account ဖွင့်ချင်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ အရမ်းရှုပ်လာတဲ့အခါ Decision ချဖို့ကြာလာပြီးတော့ ဆက်မလုပ်တော့ဘဲ ထွက်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်

Hick's Law ကဆိုလိုတာကကျတော့ Users တွေကို ရွေးချယ်ရတဲ့အရာတွေစုပြုံမပေးဘဲနဲ့ တကယ်လိုအပ်တဲ့ ရွေးချယ်စရာနည်းနည်းကိုသာပေးဖို့အကြံပေးထားတာပါ၊ ဒီနေရာမှာ "တကယ်လိုအပ်တယ်" ဆိုတဲ့စကားကအရေးကြီးပါတယ်၊ ရှိရှိသမျှ Product တိုင်းမှာ ရွေးချယ်စရာနည်းနည်းပဲပေးရမယ်၊ များရင်မကောင်းဘူးလို့ဆ်ိုလိုချင်တာမဟုတ်ပါဘူး၊ တကယ်ကို User ထည့်ဖို့လိုအပ်တဲ့၊ ရွေးချယ်ဖို့လိုအပ်တဲ့ Options တွေကိုသာပေးထားဖို့ပြောချင်တာပါ၊ ဥပမာ - Passport ကို Online ကလျှောက်တဲ့အခါ ဖြည့်ရတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေများလို့ စိတ်ရှုပ်ပြီး Hick's Law နဲ့မညီဘူးဆိုပြီး သွားပြီး စိတ်ကောက်လို့မရပါဘူး၊ ဒီလိုပြောချင်တာပါ

ဒါကို အောက်မှာ နမူနာလေးတွေနဲ့ ကြည့်လိုက်ရအောင်

💡
ရွေးချယ်စရာတွေ အကန့်အသတ်နဲ့ပေးထားခြင်း

ဒီလို Feedback Form တွေ ကျွန်တော်တို့ ဖြေဖူးကြမှာပါ၊ ဒီဟာ သုံးရတာဘယ်လိုနေလဲ၊ Reaction က ဘယ်လိုရှိလဲ စသဖြင့် Feedback တောင်းတဲ့အခါမျိုးမှာ အသုံးပြုသူတွေက ဒါကိုအရမ်းအချိန်ပေးစဥ်းစားပြီးတော့ မဖြေချင်ပါဘူး၊ အဲ့တော့ သူတို့ရွေးရမယ့် Feeling Options တွေကို နည်းနည်းနဲ့ထိရောက်တာတွေကိုပေးထားတာက ပိုပြီးတော့ Decision Process ကို မြန်စေပါတယ်

💡
လိုအပ်တဲ့အခါ "Other" option နဲ့ ထည့်ခိုင်းခြင်း

မှန်တာပေါ့၊ အကန့်အသတ်နဲ့အရေးကြီးတာ၊ မကြီးတာကို ထိန်းချုပ်လို့မရတဲ့ Selection Form တွေအများကြီးရှိပါတယ်၊ ဥပမာ - ကိုယ့်ရဲ့ Skill ကိုရွေးချယ်ရတာ၊ Career ကိုရွေးချယ်ရတာ စတဲ့အခြေအနေတွေမှာ ရွေးချယ်ရတာတွေကအများကြီးရှိနိုင်ပါတယ်၊ ဒီလိုအခြေအနေမှာဆိုရင် Frequent ဖြစ်တဲ့ Option တွေကို ဦးစားပေးဖော်ပြပြီးတော့ ကိုယ်နဲ့ကိုက်ညီတဲ့ Option ကိုတော့ ကိုယ့်စိတ်ကြိုက် Input Field နဲ့ Other ဆိုပြီးတော့ ထည့်လို့ရအောင်လုပ်ပေးထားတဲ့ Experience လေးက ကောင်းတဲ့အချက်ပါ

💡
Category လေးတွေလုပ်ပေးထားခြင်း

Website တွေမှာ Menu တွေရွေးချယ်ရတဲ့အခါ ရှိသမျှ Options တွေကို စုပြုံပြီးပေးထားတာမဟုတ်ဘဲ သူ့သက်ဆိုင်ရာ Category အလိုက်ခွဲပေးလိုက်တဲ့အခါ အမြင်မှာပိုရှင်းသွားပြီးတော့ ရွေးချယ်စရာလည်းနည်းသွားတယ်လို့ ခံစားရစေပါတယ်၊

💡
One Click Option

One Click Option ဆိုတာက နောက်ပိုင်းမှာ Account Create လုပ်တာ၊ Login ဝင်တာတွေလုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Account Info တွေကိုရိုက်ထည့်နေစရာမလိုဘဲ Social Login တွေနဲ့ ခလုတ်တစ်ချက်တည်းနှိပ်ပြီး လုပ်လို့ရတဲ့ Function ဖြစ်ပါတယ်၊ Social Login ဆိုတာတွေကတော့ Google, Facebook, Apple Account စတဲ့ Account တွေရှိရင် အလွယ်တကူ ဝင်လို့ရတာဖြစ်ပါတယ်

💡
လိုမှထုတ်သုံးနိုင်ခြင်း

တချို့ Information တွေဆိုရင် အရေးမကြီးဘူးဆိုရင် Default အားဖြင့် ဖျောက်ထားပြီးတော့ လိုအပ်မှ Button လေးတစ်ချက်နှိပ်ပြီး UI မှာ expand လုပ်လိုက်တာမျိုးဖြစ်ပါတယ်၊ ဒါက Overall Interface Design ပိုင်းကို ပိုရှင်းသွားစေပြီးတော့ ကြည့်စရာတွေများနေတယ်ဆိုတဲ့ ခံစားချက်လည်း နည်းစေပါတယ်

💡
Options တွေကိုပိုင်းချလိုက်ခြင်း

တချို့ App တွေ Website တွေမှာ Account ဖွင့်ရင် Informations အများကြီး မဖြစ်မနေဖြည့်ရတဲ့ဟာမျိုးတွေရှိတတ်ပါတယ်၊ အဲ့လိုအခြေအနေမှာဆိုရင်တောင် User ကို overwhelm မဖြစ်သွားအောင် လုပ်လို့ရတာကတော့ သူဖြည့်ရမယ့် Information တွေကို Level (ဒါမှမဟုတ်) Steps လေးတွေခွဲလိုက်ပြီးတော့ သူ့ကိုလည်း Progress Bar လေးနဲ့ ပေးသိထားတာပါ၊ ဒါဆိုရင် User အနေနဲ့ သူ့မှာဖြည့်စရာတွေများနေရာကနေ အပိုင်းအပိုင်းလေးတွေဖြစ်သွားတော့ ဖြည့်ရတာ ပိုအသက်ရှုချောင်သွားသလို၊ နောက်မှာ Step ဘယ်နှခုကျန်သေးလဲမြင်နေရတဲ့အခါ သူ့မှာအချိန်မရှိလို့ မဖြည့်ချင်သေးဘူးဆိုရင် ခဏထွက်သွားလိုက်လို့ရပါတယ်၊ မဟုတ်ရင် User က ဘယ်လောက်ကျန်နေမှန်းမသိဘဲ အချိန်တွေကုန်နေမှာပါ

ဒီလောက်ဆိုရင်တော့ Hick's Law က ဘယ်လိုနေရာတွေမှာ အသုံးချတယ်ဆိုတာကို အကြမ်းဖျဥ်းလောက်တော့ သဘောပေါက်နားလည်စပြုသွားမယ်လို့ထင်ပါတယ်၊ နောက် ကိုယ်တိုင် Design လုပ်တဲ့အခါကျရင်လည်း Law နာမည်မမှတ်မိရင်တောင် သဘောတရားမှတ်မိပြီး အသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်၊ ခုပြသွားတာတွေတင်မဟုတ်ဘဲ တခြားနေရာတွေမှာလည်း အသုံးပြုတာတွေရှိပါတယ်၊ ဒါပေမဲ့ နောက် ကြုံတဲ့အခါကျမှ ထပ်မျှဝေကြတာပေါ့

ဒီအပါတ်တော့ ဒီလောက်ပါပဲ၊ နောက် တစ်ပုဒ်နဲ့ပြန်တွေ့ကြတာပေါ့

See ya'll 👋🏻